(ဘယ်တော့မှမမှားဘူး)

ဘယ်တော့မှမမှားတဲ့ စကားတစ်ခွန်းရှိတယ်။
အဲဒါက အမေဟာ အမေပဲ။ အဖေဟာ အဖေပဲ။

(အပြန်အလှန်စောင့်ရှောက်မှု)

မိဘနှင့်သားသမီး အပြန်အလှန်လုပ်ကျွေးဖို့ထက်အရေးကြီးတာက
အရွယ်မရောက်ခင် မိဘကသားသမီးကို Look After လုပ်မှုနှင့်
အိုမင်းသွားတဲ့မိဘကို သားသမီးကပြန်လည် Look After လုပ်မှုဆိုတဲ့
Interdependence (အပြန်အလှန်အမီှသဟဲပြုခြင်း) ယဉ်ကျေးမှုပင်ဖြစ်သည်။

(ကလေးလိုပြန်ဖြစ်သွားတဲ့မိဘ)

မိဘနှစ်ပါးအိုမင်းသွားတဲ့အခါ လူကြီးဖြစ်သွားတာမဟုတ်ဘူး
ကလေးလိုပြန်ဖြစ်သွားတာ။ သူတို့သားသမီးလေးတွေရဲ့
အပြုအစုအယုအယကို တိတ်တခိုးမျှော်လင့်ကြလိမ့်မယ်။
မိဘသဖွယ်အားကိုးကြလိမ့်မယ်။ သားသမီးကောင်းတို့အတွက်
လူကြီးလိုဆက်ဆံပေးပြီး(DIGNITY) ကလေးလိုစောင့်ရှောက်ပေးရုံမှတစ်ပါး
အခြားမရှိဘူးထင်ပါတယ်။

(ကျေးဇူးရှင်နှစ်ပါး)

ဒီကနေ့ကနေ မသေခင်အချိန်ကာလလေးလောက်ပဲ
ကျွန်တော်တို့မိဘဖြစ်ခွင့်ရှိတော့တဲ့ ကျေးဇူးရှင်နှစ်ပါးကို
မရောက်ဖူးတဲ့နေရာတွေကို ရောက်သွားစေချင်တယ်။
မမြင်ဖူးတာတွေကို မြင်သွားစေချင်တယ်။
မစားဖူးတာတွေကို စားသွားစေချင်တယ်။
မလုပ်ဖူးတာတွေကို လုပ်သွားစေချင်တယ်ဗျာ.....

(ကျွန်တော်တို့လိုလားတာက)

- ဆေးလိပ်၊အရက်၊ကွမ်း စသည်တို့ကြောင့်
အဖိုးတန်တဲ့လူ့ဘဝ သက်တမ်းတိုတောင်းသွားမှာကို
ကျွန်တော်တို့ မလိုလားပါဘူး။
- အပျော်အပါးလိုက်စားမိလို့ ရလာတဲ့ရောဂါဆိုးကြောင့်
အဖိုးတန်တဲ့လူ့ဘဝ ပျက်ဆီးသွားမှာကို
ကျွန်တော်တို့ မလိုလားပါဘူး။
- ဘူတာဆုံးရင် လမ်းခွဲကြရမယ့်
ချစ်လှစွာသော ဇနီး၊သားသမီးတို့အပေါ်ထားတဲ့
သံယောဇဉ်ကြောင့် အပါယ်ဘဝ ရောက်ရမှာကို
ကျွန်တော်တို့ မလိုလားပါဘူး။
(အသက်ရှည်ရှည်၊ကျန်းကျန်းမာမာ နဲ့
အသေမဦးခင် ဉာဏ်ဦးဖို့ကိုပဲ လိုလားပါတယ်။)

(ဘဝကိုဓမ္မနဲ့တည်ဆောက်)

လူ့ဘဝ ဒုက္ခသစ္စာကို တော်လှန်ပစ်မယ်ဆိုပြီး
ဘဝကို ဓနနဲ့ တည်ဆောက်ဖို့ ကြိုးစားခဲ့တယ်။
တိုင်းတစ်ပါးမှာ အငှားခန္ဓာ မြောင်ရတဲ့အခါ
စိတ်ဓါတ်တွေ အောက်ပြုတ်ကျတော့မှ
ဘဝကို ဓမ္မနဲ့ပါ တွဲပြီးတည်ဆောက်ဖို့
လိုနေပါလားဆိုတာ သိလာခဲ့ရတယ်။

(လူတွေဘယ်လိုသေလဲ)

သေခါနီးလူတွေကို ကျွန်တော် သေသေချာချာ
ထိုင်ကြည့်ဖူးတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့
လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ရပ်ဆိုင်းကုန်တယ်။
မျက်လုံးအလုပ်မလုပ်တော့ရင် မြင်တဲ့စိတ်ပါတစ်ခါတည်းချုပ်တယ်။
နားအလုပ်မလုပ်တော့ရင် ကြားတဲ့စိတ်ပါတစ်ခါတည်းချုပ်တယ်။
အဲ့ဒီလို ရုပ်နှင့်စိတ်တစ်ခုပြီးတစ်ခု ချုပ်သွားပြီး အားလုံးကုန်ရင်
တစ်ဘဝပြီးသွားပြီ။ ဘာဝိဉာဉ်မှမရှိဘူး။
(သေသူရဲ့ ကုသိုလ်၊အကုသိုလ် ကံပေါ်မူတည်ပြီး
ရုပ်သစ်၊နာမ်သစ်နဲ့ ဘဝသစ်တစ်ခု တည်ဆောက်သွားတယ်။
အဲ့ဒီလိုဘဝသစ်တစ်ခု မတည်ဆောက်တော့ရင် နိဗ္ဗာန်ဝင်ပြီ။)

(ပုဂ္ဂိုလ်သတ္တဝါမဟုတ်)

တကယ်တော့ ကျွန်တော်တို့သည် ပုဂ္ဂိုလ်၊သတ္တဝါမဟုတ်ကြပါဘဲနဲ့
ပုဂ္ဂိုလ်၊သတ္တဝါဟု ရှုမြင် သုံးသပ် ဆင်ခြင်နေကြ၍သာ
သေခြင်းတရားကို ခွင့်မလွှတ်နိုင်စရာလို့ ထင်မှတ်နေကြခြင်းဖြစ်ပါသည်။
(Will Durant)

(ဗုဒ္ဓဘာသာသည်အားလုံးအတွက်)

ဗုဒ္ဓဆိုသူက ဗုဒ္ဓဝါဒကိုတီထွင်ခဲ့တာမဟုတ်ဘူး။
ဗုဒ္ဓဘာသာကိုတည်ထောင်ခဲ့တာလည်းမဟုတ်ဘူး။
တိမ်မြုပ်ကွယ်ပျောက်နေတဲ့ အမှန်တရား၊အရှိတရားတွေကိုသာ
ပြန်လည်ဖော်ထုတ်ပေးခဲ့တာဖြစ်တယ်။ ဒါ့ကြောင့်
ဗုဒ္ဓဘာသာ၊ဗုဒ္ဓဝါဒဟာ ဗုဒ္ဓဘာသာဝင်တွေသာ
လိုက်နာလေ့ကျင့်ခွင့်ရှိတဲ့ တရားတွေမဟုတ်ဘူး။

(ရှက်ဖို့ကောင်း)

ရခဲလှတဲ့ လူ့ဘဝကိုလည်း ရခဲ့ပါတယ်။
ဖြစ်ခဲလှတဲ့ ဗုဒ္ဓဘာသာဝင်လည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သေတဲ့အခါ အပါယ်ကို
ပြန်ခုန်ဆင်းသွားရတယ် ဆိုတာကတော့
တော်တော်ရှက်စရာကောင်းပါတယ်။

(ဖန်ဆင်းရှင်)

ကျွန်တော်တို့တတွေကို တစ်စုံတစ်ယောက်က
ဖန်းဆင်းလိုက်တယ်ဆိုရင် အဲ့ဒီတစ်စုံတစ်ယောက်ကို
မည်သူကဖန်ဆင်းလိုက်ပါသလဲ။
မည်သူကမှသူ့ကိုမဖန်ဆင်းဘူး သူ့ဖာသာသူ
သဘာဝအတိုင်းဖြစ်နေပြီး ထာဝရတည်နေတယ်ဆိုရင်
သူ့လိုပဲ ကျွန်တော်တို့တတွေလည်း
သဘာဝအတိုင်းဖြစ်လာနိုင်ရမှာပေါ့။

(ကံဆိုး၊ကံကောင်း)

ကံဆိုးလိုက်ပုံများ သဲစုမကဘုရားတွေ တစ်ဆူပြီးတစ်ဆူ
ပွင့်သွားတာတောင်မှ မဆုံလိုက်မိတဲ့ကျွန်တော် အပါယ်လေးဘုံမှာ
ချိုးကပ်နေခဲ့ရတာ သေချာပါတယ်။
ကံကောင်းလိုက်ပုံများ လူပြန်ဖြစ်လာတာတောင်မှ
ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးတွေ ပို့ချသွားတဲ့ နိဗ္ဗာန်ရောက်ကြောင်း
သင်ခန်းစာတွေကို မြန်မာလိုအားရပါးရ လေ့လာနိုင်ဖို့
မြန်မာလူမျိုးဖြစ်ရတာကို အရမ်းဝမ်းသာပါတယ်။