(အောင်ခြင်းရှစ်ပါးကဗျာများ)

၁။ ခြောက်ဘုံပိုင်ငြား မာရ်နတ်သားမှာ၊
တစ်ထောင်လက်ရုံး သူ့ဘုန်းဖန်ကာ။
နတ်စစ်သည်ပေါင်း ထောင်သောင်းနှင့်သာ၊
ပလ္လင်တွက် စစ်ဖက်ပြိုင်လုလာ။
မြတ်ဘုရားက ဒါနညွှန်ရာ၊
မြေ လေခြိမ့်အုံး ထစ်ချုန်းလာကာ။
ကြောက်လန့်မာရ်ယုတ် နောက်ဆုတ်ပြေးခွာ၊
အခေါင်နင်း အောင်ခြင်း ပထမ မင်္ဂလာ။

၂။ မာရ်နတ်သားထက် ဆထက်လွန်ကာ၊
အာဠာဝက ကြမ်းလှမှန်စွာ။
ညဉ့်သုံးယံလုံး ပစ်မှုန်းလေကာ၊
လက်နက်စွဲ ပြိုင်ပွဲသူပြုလာ။
သည်းခံစိတ်သုံး ရွှင်ပြုံးကြည်သာ၊
မြတ်ဘုရားက ဆုံးမလေရာ။
ထံတော်ပါးသို့ ၀တ်တွားဝင်လာ၊
အခေါင်နင်း အောင်ခြင်း ဒုတိယ မင်္ဂလာ။

၃။ နာဠာဂီရိ မည်ရှိကြေငြာ၊
ကြမ်းတမ်းလေငြား ထင်ရှားမှန်စွာ။
မုန်ယိုယစ်မူး ရူးတဲ့အခါ၊
စေလွှတ်ငြား ဘုးရားထံသို့သာ။
ရာဟုလာသား မခြားမှန်စွာ၊
ဗုဒ္ဓမြတ်ဖျား ထားငြားမေတ္တာ။
ဆင်ပြောင်ကြီးက ဦးချနေရှာ၊
အခေါင်နင်း အောင်ခြင်း တတိယ မင်္ဂလာ။

၄။ အင်္ဂုလိမာ နာမကြေငြာ၊
လူမြင်ရာဖမ်း ကြမ်းတမ်းသတ်ကာ။
လက်ညိှုးပန်းများ ဆင်ထားမှန်စွာ၊
မြတ်ဘုရား သတ်ငြားသူလိုက်ရှာ။
လိုက်ရင်းတွေးဆ ဗုဒ္ဓထံမှာ၊
ခိုဝင်ဝပ်လျှိုး ရှိခိုးလေရာ။
ဧဟိဘိက္ခု ခေါ်ပြုမှန်စွာ၊
အခေါင်နင်း အောင်ခြင်း စတုတ္ထ မင်္ဂလာ။

၅။ စိဥ္စမာန အလှကညာ၊
ဆရာတိတ္ထိ စိတ်ရှိစေရာ။
ကိုယ်ဝန်ဟန်ထား သစ်သားကိုသာ၊
လူ့ဘုရား မုသားစွပ်စွဲလာ။
ငါနှင့်မယ်မင်း ဖြစ်ခြင်းကိုသာ၊
သိစေသားဟု ဘုရားမိန့်ရာ။
နတ်တို့ဖျက်ချ ရှက်ရစိဥ္စာ၊
အခေါင်နင်း အောင်ခြင်း ပဥ္စမ မင်္ဂလာ။

၆။ သစ္စကပရိဗိုဇ် သူမိုက်နာမာ၊
ပြိုင်သူဖက်ကင်း ထက်ခြင်းပညာ။
၀ါဒပြိုင်ပွဲ ဆင်နွဲမည်သာ၊
လူ့ဘုရား ထံပါးလာကြရှာ။
အနတ္တနှင့် အတ္တဆိုရာ၊
အနတ္တစစ် ဖြစ်တော့လေကာ။
ဆရာသစ္စက ရှုံးရသည်သာ၊
အခေါင်နင်း အောင်ခြင်း ဆဋ္ဌမ မင်္ဂလာ။

၇။ နနေ္ဒာပနန္ဒ နာမထန်စွာ၊
မြင်းမိုရ်တောင်လုံး ပတ်ဖုံးခွေကာ။
ကြောက်ဖွယ်ကြီးမား ပြုငြားမှန်စွာ၊
လူ့ဘုရား စော်ကားလေတော့တာ။
သားတော်ရှင်မောဂ် တင်မြှောက်ထိုခါ၊
နည်းလမ်းပြ၍ ဆုံးမစေရာ။
လူ့သွင်ဖန်ဆင်း ၀ပ်ဆင်းဝင်လာ၊
အခေါင်နင်း အောင်ခြင်း သတ္တမ မင်္ဂလာ။

၈။ ဗကမည်ငြား မှတ်သားဗြဟ္မာ၊
ပစျာန်ဘုံသား ဖြစ်ငြားမှန်စွာ။
စည်းစိမ်ယစ်မူး အထူးသာယာ၊
သူ့စိတ်ထဲ ဒါဘဲပြည်ခေမာ။
ဗြဟ္မာဘုံသို့ ကြွလို့မှန်စွာ၊
သင်္ခါရလမ်း မျှော်မှန်းစေရာ။
မှားတာဝန်ချ ဗကဗြဟ္မာ၊
အခေါင်နင်း အောင်ခြင်း အဋ္ဌမ မင်္ဂလာ။

အောင်စေကြာင်း ဆုတောင်းအောင်စေပါ။